Sunday, February 17, 2008

ဗြဟ္မာ့ ဦးခေါင်းများ နှင့် အနာဂတ်မြန်မာပြည်

ဤစာကိုရေးလျှင် ဖြစ်လာမည့် အကျိုးဆက်များ အား ကြိုတင်တွေးတော ကာ တာဝန်ယူမည် ဖြစ်လာသမျှ မိမိတဦးတည်း ခံမည်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် ရေးပါသည် သမိုင်းတရားခံအဖြစ်လက်ညှိုးလဲ ထိုးခံလာရကောင်း ထိုးခံလာရမည် ဆိုသည့် အဆင့်အထိ ကြိုတွေးပြီး တိုင်းပြည် ကောင်းကျိုးရှေးရှု ၍ ရေးလိုက်ပါကြောင်း ကနဦး အသိပေးလိုပါသည်။

န.အ.ဖ စစ်အာဏာရှင်က မေလတွင် ဆန္ဒခံယူပွဲလုပ်မည်ဖြစ်ကြောင်း ကမ္ဘာကိုကြေငြာခဲ့ပြီးဖြစ်သည်။ အစောပိုင်း တွင်လဲ အကျဉ်းကျခံရဆဲ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က အကောင်းဆုံးကို မျှော်လင့်၊ အဆိုးဆုံးအတွက် ပြင်ဆင် ဆိုသည်နှင့် တကွ သူမ၏ ဗဟိုဦးဆောင် ကော်မတီကို ဝေဖန် သတိပေး ပြောဆို အားပေးခဲ့ပြီးဖြစ်သည်။

တဖက်က န.အ.ဖ က လဲ ၄င်းတို့ ရွှေရောင်အိပ်မက်ကို တရုတ်အား ၊ရုရှအား ၊ အာစီယံနိုင်ငံများ အားဖြင့် အပြင်းအထန် တက်သုတ်ရိုက် အကောင်အထည် ဖော်ရေး အတွက် လူထုကြားထဲတွင် ကြံ့ဖွတ်နှင့် စွမ်းအားရှင်တို့ တအိမ်တက်ဆင်း စည်းရုံးရေးဆင်းနေကြသည် … သူတို့ ကတော့ လူသတ်လက်နှင့် မျက်နှာချိုပြန်သွေးနေသည်။

န.အ.ဖ သည် ၁၉၈၈အရေးတော်ပုံကို ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းကာ န.၀.တ အနေဖြင့် တိုင်းပြည်ကို အဓမ္မကျင့်ခဲ့သည့် ကာလမှ စ၍ ယခု န.အ.ဖ အထိ ဘက်ပေါင်းစုံက ၄င်းတို့ အာဏာတည်မြဲရန် နေ့စဉ်နှင့်အမျှ ပြင်ဆင်ခဲ့ပြီး ဖြစ်သည်… ။

စက်တင်ဘာ ၂၀၀၇ သံဃာတော်များ သွေးမြေကျရသော လူထုအရေးတော်ပုံ တွင် ကောက်ကျစ် ရက်စက်သော Rules of Engagement (ROE) ဖြင့် ဖြိုခွင်း သုတ်သင် ချေမှုန်းခဲ့သည် Psychological warfare ကို လည်း ထိရောက်စွာ သုံးနိုင်ခဲ့သည်။ ပြည်သူလူထုဖက် ရပ်တည်သော အင်အားစုများအနေဖြင့် အဆင်သင့်မရှိခဲ့ တပ်ဦး ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်မှုသည် frozen ဖြစ်နေခဲ့သည်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး ၊ ကိုဌေးကြွယ်၊ ဂျင်မီ တို့ အား န.အ.ဖ က ဖမ်းဆီး ချုပ်နှောင် လိုက်သည်နှင့် ထွန်းမြင့်အောင် တို့  နီလာသိန်းတို့ ရှောင်တိမ်း လိုက်ရသည်နှင့် တိုက်ပွဲ ၏ ဦးဆောင်နိုင်မှုနှင့် လုပ်ငန်းစဉ်များ တိုက်ပွဲ အရှိန်အဟုန်များ သည် စွမ်းအားရှင် ၏ ဒုတ်ချက်အောက် စစ်တပ်၏ သေနတ် ကျည်ဆံအောက်တွင် ပျောက်ဆုံးသွားခဲ့ရ၏။

အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးဆောင်ကော်မတီများအနေဖြင့် မလှုပ်မရှုပ် မပြုတ် တာဝန်မဲ့ ရပ်တည်မှုဖြင့် မနေခဲ့ပါလျှင် ဤ ကဲ့သို့ အခြေအနေဆိုးများဖြင့် တိုင်းပြည် နစ်မွန်းရမည်မဟုတ် ။ အမှန်ဆိုလျှင် ဂန္ဓီခန်းမညီလာခံကြီး ကတည်းက စစ်အာဏာရှင် စနစ်ဆိုးကို အပြီး အမြစ်ပြတ် သုတ်သင်လိုက်နိုင်ရင်း ထို ဆယ်စုနှစ် နှစ်ခုနီးသော ကာလတွင် တိုင်းပြည်သည် တည်ငြိမ် အေးချမ်းလျှက် ဒီမိုကရေစီ အုတ်မြစ် ခိုင်ခန့် သင့်သလောက်ခိုင်ခန့် ကာ တပ်မတော်သည်လဲ လက်တဆုပ်စာ န.အ.ဖ အထက်ပိုင်းအား ကာကွယ် စောင့်ရှောက် အသက်ပေးနေရသော ခါးပိုက်ဆောင် လက်နက်ကိုင် လူစုလူဝေးကြီး အနေအထားမှ နိုင်ငံ သားကောင်းများဖြင့် တိုင်းပြည်ကိုကာကွယ်ရေးအတွက် အဆင်သင့်ဖြစ်နေသောအင်အားစုအဖြစ်ဖြင့် သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့လိမ့်မည်။ တောကြိုအုံကြားတွင် တိုင်းပြည်ချစ်သော တိုင်းရင်းသားပေါင်းစုံပြည်သူလူထုထဲမှ လူကြီးလူငယ်များ အသက်ပေးတိုက်ပွဲဝင်စရာမရှိ။ မလိုအပ်ပဲ အသက်များသွေးများ ဆုံးရှုံးခံရလိမ့်မည် မဟုတ်။ တိုင်းပြည်၏ ကုန်ထုတ်စွမ်းအား ဉာဏစွမ်းအားများ လူသားအရင်းအမြစ်များ ကုန်ခန်းစရာမရှိ။

ယခုတကြိမ်တွင်လဲ ပြည်သူ့ ရန်သူ စစ်အာဏာရှင် တစု ဖက်မှ အစီအစဉ်ရှိရှိ ခြေလှမ်းရှိရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် နှင့် တကွ စစ်မှန်ငြိမ်းချမ်းသော တိုင်းရင်းသားပေါင်းစုံ တန်းတူစွာ ဥမကွဲသိုက်မပျက် ချစ်ကြည်ရင်းနှီး နားလည်စွာ အတူတကွ နေထိုင်ရေးကို လိုလားသည့် ပြည်သူလူထု တရပ်လုံးကို ထာဝရ လည်မျိုနင်းကာ တရားဝင် အနိုင်ကျင့်ရေးဖြစ်သည့် လူထု ဆန္ဒခံယူပွဲ အား ဗြောင် တင်လာသည့် အနေအထားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ မလှုပ်မရှုပ်မပြုတ် ဖြင့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၏ ခေါင်းဆောင်ဟောင်းများလဲဖြစ်၊ တပ်မတော်၏ တပ်မှူးဟောင်းများလဲဖြစ်သော ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးညွန့်ဝေ၊ ဦးလှဖေ နှင့် ၄င်းတို့ ကဲ့သို့ သော ဗဟိုဦးဆောင်ကော်မတီများ ပါတီ ၏ ဦးဆောင်မှု အခန်းကဏ္ဍ မှ တရားဝင် အနားယူကာ အသေဖြောင့်ရေးကိုသာ အာရုံစိုက်ကြသင့်တော့၏။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အောက်ခြေ တိုင်းနှင့်ပြည်နယ်များမှလဲ ဗဟိုဦးဆောင်ကော်မတီ Reform ပြုလုပ်ရန် မြန်နိုင်သမျှ မြန်မြန်ဆောင်ရွက်ရင်း န.အ.ဖ ၏ စီးချင်းထိုး အပြတ်ဖြတ် အပြုတ်တိုက်ရေး လမ်းစဉ်ကို နည်းနာ ကြွယ်ဝပြီး လူထု အကျိုးစီးပွားနှင့် အနာဂတ် မျိုးဆက်များ မျက်နှာကို ထောက်ထားလျှက် လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည် ဖော်သင့်နေပြီဖြစ်ပါသည်။

တပ်မတော်တွင်းမှလည်း ပြည်သူလူထု၏ ဆိုးဝါး လှ သော နေ့ စဉ် နေထိုင်မှုဘ၀များ ကူးစက်ပျံ့  ပွားမှု မြန်မြန်ဖြင့် ပျံ့  ပွား နေသော ရောဂါဆိုးများ ငတ်မွတ်ချွတ်ချွံကျ လူစဉ်မမှီရသော အခြေအနေများအား လျစ်လျူရှုကာ တဘို့ ထဲကြည့် ငါနဲ့  ငါ့မိသားစု ကောင်းစားလျှင် ပြီးရောဆိုသော စိတ်ထားများဖြင့် ဥပေက္ခာပြုရင်း တပ်မတော်သားကောင်း တာဝန်၊ နိုင်ငံသားကောင်းတာဝန် မဲ့မှုဖြင့် ကိုယ်ကျိုးစီးပွားရှေ့ တန်းတင်ခြင်းတို့အား ပြန်လည်ဆန်းစစ်ကာ ပြည်သူလူထု နှင့် နိုင်ငံတော် ကမ္ဘာအလည် မျက်နှာငယ် မွဲပြာကျနေ သလောက် န.အ.ဖ အထက်ပိုင်း ဗိုလ်ချုပ်ကြီးများ က မောက်မာ ရိုင်းစိုင်းစွာ လုပ်ချင်တိုင်းလုပ် နေသည်များအား လိုက်လံအကောင်အထည်ဖော် ရက်စက်နေရမှုများအား ရပ်တန်းကရပ်ကာ တိုင်းပြည်ကို ၀ိုင်းဝန်း ထူထောင်လိုသည့် မျိုးချစ်စိတ်ဖြင့် တခုတည်းသော အမျိုးသားနိုင်ငံရေးဖြစ်သည့် ဒီမိုကရေစီရေး ၊ ငြိမ်းချမ်းရေး၊ တန်းတူရေး ၊သွေးစည်းရေး ၊ လူထုဘ၀ သာယာဝပြော ရေးအတွက် ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ကြပြီ ဖြစ်သည်။


ပြည်သူလူထုအနေဖြင့်လည်း မိမိတို့၏ ဘ၀ ချွတ်ချွံကျ မျက်ဖြူဆိုက်ရမှုများအား ခါးစည်းခံနေကြရင်း ညှိုးငယ် သိမ်ဖျင်းသော လူ့  ဖြစ်စဉ်ဖြင့် အသက်ရှင်သည်ဆိုယုံ ရှင်သန်နေရသော စစ်အာဏာရှင် စနစ်ဆိုး၏ သားကောင်များ ဘ၀ ဖြင့် အမျိုးသားရေး ဒုက္ခတွင်းမှ အပြီးအပိုင် ရုန်းထွက် ကြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ ဦးဆောင်မှုအသစ်နှင့်တကွ တိုင်းပြည်ချစ်မြတ်နိုးသော အင်အားစုအားလုံးနှင့် တက်ညီလက်ညီ တိုင်းပြည်နှင့်လူမျိုးအား တနိုင်တပိုင် ကိုယ်တိုင် တာဝန်ယူမှုများဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ကြသင့်ပြီဖြစ်ပါသည်။

ထိုကဲ့သို့ လုပ်ဆောင်ကြရာတွင်လည်း အသီးသီးသော ပုဂ္ဂိုလ်များ အဖွဲ့အစည်းများ အင်အားစုများအနေဖြင့် အခက်အခဲများ ပေးဆပ်ရမှုများ အနစ်နာခံရမှုများ ပြတ်ပြတ်သားသားပြောဆို ဆောင်ရွက်ရမှုများ ရှိလာမည်မှာမလွဲပါ။ ထိုအခြေအနေများအတွက်လဲ စိတ်မပျက်နောက်မတွန့်ပဲ မိမိတို့ ကိုယ်တိုင်နှင့် အနာဂတ် မျိုးဆက်တို့၏ အေးချမ်း သာယာလှပသော မိမိတို့ မြန်မာပြည်လေး ပြန်လည်လှပ အေးချမ်း သာယာဝပြောရေး အတွက် မတွေဝေစတမ်း စစ်အာဏာရှင်၏ နောက်ဆုံး ထွက်သက်တွင် မက်သော ရွှေရောင်အိပ်မက်ကို ရွှေဝါရောင် တော်လှန်ရေးဖြင့် ပြတ်သားစွာ နိဂုန်းချုပ် အမြစ်ဖြတ်ရမည်မှာ နိုင်ငံသားတိုင်း နိုင်ငံသားတိုင်း၏ သမိုင်းပေးတာဝန် ဖြစ်သကဲ့သို့ နေ့စဉ်ဘ၀ ရှင်သန်စိုပြေရေး ကိစ္စတခုအဖြစ် သတိရှိရှိ ပိုင်းဖြတ်ချက်ရှိရှိ အကောင်အထည်ဖော်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။

ရဲဘော်ငြိမ်း
မျိုးချစ်ဒီမိုကရက်တစ်တပ်ပေါင်းစု

1 comment:

Anonymous said...

thats all we need it.