Saturday, September 02, 2006

ရန်ကုန်တက္ကသိုလ်အရေး

ရန်ကုန်တက္ကသိုလ် main compus ကို စစ်အစိုးရက ရောင်းဖို့ုပြင်ဆင်နေတယ်လို့  ရန်ကုန်ကို ဖုန်းဆက်တုန်းက အဖေက ပြောပြတယ်။ မကြာခင်မှာပဲ dvb မှာ သတင်းပါလာတယ်။ စင်္ကာပူပေါ်လီ ကဝယ်ပြီး ရန်ကုန်မှာ သူရဲ့ ကျောင်းခွဲ ဖွင့်မလို့ ဟု သိရတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်း အစဉ်အလာက ကြီးမားလှ ပါတယ်။ ဒီနေ့ ခေတ်မှာ သင်ကြားရေး စနစ်တွေ၊ ဆရာအရည်အသွေးတွေဟာ ခေတ်မမှီ တော့ဘူးလို့  ပြောနိုင်ပေမယ့် တက္ကသိုလ်ရဲ့ ပညာရေးသင်ရိုးတွေဟာ ပေါ်လီ ရဲ့ သင်ရိုးထက်တော့ အများကြီး အဆင့်မြင့် ပါတယ်။ စင်္ကာပူကပေါ်လီ တို့ ၊ ရန်ကုန်က ဂျီတီအိုင်တို့ ဆိုတာ လုပ်ငန်းခွင်မှာ သုံးဖို့  ရှိပြီးသား နည်းပညာရပ်တွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်တဲ့ အလုပ်သမားတွေ မွေးထုတ်ဖို့  အဓိက ရည်ရွယ်တဲ့ ကျောင်းမျိုး ဖြစ်တယ်။ တက္ကသိုလ်ရဲ့ ပညာရေးစနစ်ကတော့ ဒီထက်အများကြီးပိုမို ကျယ်ပြန့်  ပါတယ်။ လုပ်ငန်းခွင်မှာ အစဉ်သင့်သုံးဖို့  နည်းပညာရပ်တွေကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်တဲ့ လူတွေကို မွေးထုတ်ဖို့  မရည်ရွယ်ပါဘူး။ ပညာရပ်တွေကို ကျယ်ကျယ် ပြန့် ပြန့်  လေ့လာစေပြီး အသစ်ကို ဖန်တီးနိုင်ဖို့ ၊ ပိုကောင်းတဲ့ အယူအဆတွေကို တီထွင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ရဲ့ ပညာရေးဟာ လွတ်လပ်စွာ တွေးခေါ်နိုင်မှု့ ၊ စဉ်းစားနိုင်မှု့ ၊ လွတ်လပ်စွာ ဝေဖန်နိုင်မှု့ တွေ အပေါ်မှာ အခြေခံပါတယ်။ အမှန်တရားကို မြတ်နိုးရမယ်၊ အမြဲတမ်း စူးစမ်းရှာဖွေ နေရမယ်။ ဒါကြောင့် တက္ကသိုလ်ရဲ့ သင်ရိုးတွေနဲ့  ဂျီတီအိုင်၊ ပေါ်လီ သင်ရိုးတွေနဲ့ ဟာ လုံးဝ မတူနိုင်ပါဘူး။ တက္ကသိုလ်ရဲ့ ပညာရေးဟာ ပညာရပ်တွေကို ကျွမ်းကျင်အောင် သင်ပေးခြင်းထက် လွတ်လွတ်လပ်လပ် တွေးခေါ်တတ်ဖို့ ၊ စဉ်းစားတတ်ဖို့ ၊ ပညာကို ငတ်မွတ်တတ်လာဖို့  အဓိက သင်ကြားပေးခြင်း ဖြစ်တယ်။ တက္ကသိုလ်က ဘွဲ့ တွေ၊ ဒီဂရီတွေ ရယုံနဲ့  ပညာပြီး ပြည့်စုံသွားပြီလို့  လုံးလုံး မပြောနိုင် ပါဘူး။ အမြဲတမ်း ပြောင်းလည်းနေတဲ့ အသစ် အသစ်တွေရှာ ဖွေတွေ့ ရှိနေတဲ့ လောကကြီးမှာ ပြီးပြည့်စုံအောင် တတ်ကျွမ်းတဲ့ ပညာတတ် ဆိုတာ မရှိနိုင်ပါဘူး။ ပညာကို ငတ်မွတ်အောင် လုပ်ပေးနိုင်မှသာလျှင် လူတစ်ယောက်ဟာ ကျောင်းပြီးတာနဲ့ သူရဲ့ ပညာရေးဟာ ရပ်တန့်  မသွားပဲ သူရဲ့ ဘဝတစ်လျှောက်လုံး ကိုယ်ဖာသာကိုယ် ပညာဆည်းပူးနိုင်စွမ်း ရှိလာမှာ ဖြစ်တယ်။ ဒါကြောင်မို့ လည်း ကိုအောင်ဆန်းတို့  ၊ ကိုနုတို့  ၊ ကိုဘဟိန်းတို့  အစရှိသဖြင့် ခေါင်းဆောင်တွေ ပေါ်ထွက်လာတာဖြစ်တယ်။ ဒီဘက်ခေတ်မှာလည်း မင်းကိုနိုင်တို့ ၊ ကိုကိုကြီးတို့ လို စသည်ဖြင့် ကျောင်းသား ခေါင်းဆောင် အမြောက်အများကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ ဗမာပြည်ရဲ့ လွတ်လပ်ရေး သမိုင်းကို ရေးမယ်ဆိုရင်လည်း ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းကို ပြန်လှန်ရမှာ ဖြစ်တယ်။ ဗမာပြည်ရဲ့ လွတ်လပ်ရေး သမိုင်းမှာ ရန်ကုန်တက္ကသိုလ် နဲ့  ရန်ကုန်တက္ကသိုလ်က မွေးထုတ်ပေးတဲ့ ကျောင်းသားတွေဟာ အဓိက အခန်းက ပါဝင်နေပါတယ်။ ရန်ုကုန် တက္ကသိုလ်ဟာ ဗမာပြည် လွတ်လပ်ရေးရဲ့ သမိုင်းကို ပြောပြနိုင်စွမ်း ရှိပါတယ်။ ရန်ကုန် တက္ကသိုလ်ကို ဖျက်ဆီးခြင်းဟာ ဗမာ့ လွတ်လပ်ရေးသမိုင်းကို ဖျက်ဆီးခြင်းပဲ၊ အမျိုးသားရေးကို စော်ကားခြင်းလည်း ဖြစ်တယ်။ အဲ့င်္ဒီတော့ကာ ရန်ကုန်တက္ကသိုလ်ကို ဝယ်ပြီး တက္ကသိုလ် ရဲ့ နေရာမှာ စင်္ကာပူပေါ်လီလာ ဖွင့်ခြင်းဟာ ရာဇပုလ္လင်ပေါ် ခွေးတက်ထိုင်တာနဲ့  တူတယ်လို့ ပဲ ကျွန်တော် ခပ်ရိုင်းရိုင်းပဲ ပြောချင် တော့တယ်။ ဒီကိစ္စကို ကျွန်တော်တို့  အားလုံးဆန့် ကျင်ရမှာ ဖြစ်တယ်။ ဒီတော့ ဒီကိစ္စမှာ ရောင်းဖို့ ကြိုးစားတဲ့ စစ်အစိုးရကိုလည်း ဆန့် ကျင်ရမယ်၊ ဝယ်မယ့် စင်္ကာပူပေါ်လီကိုလည်း ဆန့် ကျင် ရမယ်။ ရန်ကုန်တက္ကသိုလ် မရောင်းစားခံရအောင် စစ်အစိုးရကို ဆန့် ကျင်ဖို့ က ပြည်တွင်းက လူတွေနဲ့  အဓိက သက်ဆိုင်ပြီး စင်္ကာပူပေါ်လီ ကိုတော့ လူငယ်တွေနဲ့ စင်္ကာပူမှာ နေတဲ့ ဗမာလူမျိုးတွေက အဓိက ဆန့် ကျင်ရမှာ ဖြစ်တယ်။ ဒီကိစ္စ သေချာရင် စင်္ကာပူပေါ်လီကို boycott လုပ်ရမယ်။ စင်္ကာပူက ဗမာတွေ ဒီအတွက် နိုးကြားကြဖို့ လိုအပ်လာပြီ။ စင်္ကာပူမှာ ကျောင်းတက်နေတဲ့ ဗမာလူငယ်တွေရဲ့ နိုင်ငံရေး၊ အမျိုးသားရေး အသိဥာဏ် ဘယ်လောက် ပွင့်လင်းပြီလည်း၊ ဘယ်လောက် တွေးခေါ်နိုင်ပြီလည်း၊ ကျောင်းတွေပြီးလို့ ရလာတာ diploma/degree ဘွဲ့ လက်မှတ် တွေလား၊ စဉ်းစား တွေးခေါ်နိုင်စွမ်း အသိဥာဏ်လား ဆိုတာ သိသာစေမယ့် အချိန် ဖြစ်တယ်ဆိုတာကို ကျွန်တော် ပြောချင်တယ်။

No comments: