Sunday, January 28, 2007

အဖိုးကြီး

ကဗျာဆရာကြီး ဦးတင်မိုးရဲ့ အဖိုးကြီးဆိုတဲ့ ကဗျာပါ။ မိုးမခမှာ တင်ထားတဲ့ ဦးတင်မိုး အမှတ်တရ Album မှာရှာဖွေတွေ့ ရှိတာဖြစ်ပါတယ်။ ဦးတင်မိုး က သူရဲ့ အသက် ၇၀ ပြည့်မွေးနေ့ အတွက် အမှတ်တရ စပ်ထားတဲ့ ကဗျာလို့  ယူဆရပါတယ်။ သူ့ အိမ်ရဲ့ ဧည့်ခန်းထဲက နံရံပေါ်မှာ အမှတ်တရ ချိတ်ဆွဲထားတာ တွေ့ မြင်နိုင် ပါတယ်။ ကျွန်တော်တို့  တတွေလည်း အဖိုးကြီးဆိုတဲ့ အရွယ်ကို တစ်ချိန် ဖြတ်သန်းကြရ မှာပါ။ အခုတောင် လူငယ်ကနေ လူရွယ်ဖြစ်လာကြပါပြီ။ ကဗျာဆရာကြီး ဦးတင်မိုးကတော့ အဖိုးကြီးဆိုတဲ့ အရွယ်ကို ဒီလိုဖြတ်သန်းမယ်တဲ့။ ကျွန်တော်တို့ ကရော ဘယ်လို ဖြတ်သန်းကြမတုန်း။



အဖိုးကြီး

အသက်လေးထောက်ခါမှ
အရက်ခွက်ကလေး တမြှောက်မြှောက်
ချက်အောက်စကားတွေ တပြောပြောနဲ့ 
တသောသောနေ
အမောဖြေတတ်တဲ့ အဖိုးကြီး။

သေရိပ်နီးကာ
စိပ်ပုတီးနာနာကိုင်
မဟာမြိုင် တောရ မှီးပေမဲ့
ဒေါသကလဲ ကြီးတတ်သေးရဲ့
လောဘမီးကလဲ အရှိန်ဟပ်
အိမ်မကပ်နိုင်တဲ့ အဖိုးကြီး။

ရွာလယ်မှာ စွာကျယ်စွာကျယ်နဲ့ 
ငါဟယ် မင်းဟယ်
ငြင်းမယ်လို့  မကြံနဲ့ 
ငါသာလျှင် အမှန်လို့ ၊ ငါမာန်တွေတက်
ငါအရိုးမျက် လက်တို အခက်ပိုနေတဲ့ အဖိုးကြီး။

ဒီလို အဖိုးကြီးမျိုးတော့
ဆောရီးဆောရီး မဖြစ်ချင်ပေါင်၊
ကြွေခါနီးတဲ့ အသီးလို
သေခါနီးတော့လဲ အဖိုးကြီး ဖြစ်မှာပေါ့လေ။

ဒါပေမဲ့ယ့် ရိုးရိုးကုပ်ကုပ်
ပုဆိုးစုတ်ကလေးနဲ့ 
ကိုယ့်အလုပ် ကိုယ်ဆင်း
ကိုယ့်ယာခင်း ကိုယ်စိုက်
လျှာအလို ဘာကိုမှ မကြိုက်
ပျော်ပိုက်ရာ တော်ထိုက်ရာနေပြီး
စာပေလဲ မပြတ် ကဗျာတွေလဲဖတ်
ရပ်သူရွာသားတွေနဲ့ 
ထပ်တူမခြားနေတတ်တဲ့
ဇရပ်ငုံးတို တာတမံရိုးက
မပြတ်ပြုံးချိုနေတဲ့
သာမန်အဖိုးကြီးပဲ ဖြစ်ချင်တယ်။

တင်မိုး

Source : MoeMaKa - Radio & Multimedia - community and entertainment station

1 comment:

AungKyawThein said...

i like that poem.
But I dun think i can live like the way he wanted.
prolly first type is best suit for me :D