မနေ့ က ကျွန်တော်သည် ဟစ်တိုင် အင်တာနက်စာမျက်နှာပေါ်တွင် အလွန် စိတ်ဝင်စားဖွယ် ကောင်းသည့် လူတစ်ယောက်၏ ဘ၀နောက်ကြောင်း၊ အတ္ထုပ္ပတ္တိတိုလေး တစ်ခုကို ဖတ်ရှု့ ခွင့်ရခဲ့ပါသည်။ အဆိုပါ အတ္ထုပ္ပတ္တိ တိုလေးသည် ဒီပဲယင်း လူသတ်သမားဟု နာမည်ကြီးသော ၀န်ကြီးချုပ် စိုးဝင်း၏ လူမသိသော ဘ၀နောက်ကြောင်းကို ရေးသားထားခြင်း ဖြစ်ပါသည်။ လက်ရှိ ဘ၀၏ နောက်ဆုံးအချိန်များကို ဖြတ်သန်းနေရသော ၀န်ကြီးချုပ် စိုးဝင်း၏ ဘ၀နောက်ကြောင်းမှာ စိတ်ဝင်စားဖွယ်ကောင်းလှသဖြင့် အများဖတ်ရှု့ နိုင်ရန် ကျွန်တော်၏ ဘလော့ခ်တွင် ပြန်လည် ဖေါ်ပြပေးလိုက်ပါသည်။ ဒီ အတ္ထုပ္ပတ္တိတိုလေးကို ရေးသူမှာ မင်းလွင် (ရှမ်းပြည်) ဟု သိရပါသည်။
အပယ်ခံတောင်တန်းသားတယောက်အကြောင်း - မင်းလွင် (ရှမ်းပြည်)
အခုတလော ဘောလုံးပွဲဆက်များကြောင့် ကျနော်အိပ်ရေးပျက်နေသည်။ နံနက်အာရုဏ်ဦး အမေ၏ ဘုရားဆွမ်းကပ်၊ အမျှဝေသံတွေ ကြားရသည့်တိုင် ကျနော်အိပ်ယာမှမထချင်ပေ။
အမေကတော့ ကျနော် ဘောလုံးပွဲကိုက်နေလို့ အိပ်ရေးပျက်နေတာကို သိသောကြောင့် အိပ်ရာစောစော မနိုးပါ။ နံနက်ပိုင်း ဘီဘီစီ အသံလာမှသာ ကျနော် အိပ်ရာမှ လူးလဲထပြီး အမေချက်ထားသည့် နွားနို့ခဲကြော်နှင့် ထမင်းကို စားရသည်မှာ မြိန်လှသည်။ ဒီအချိန်မှာပဲ သူငယ်ချင်းက ရောက်လာလို့ အပြင်ထွက်စရာ အကြောင်း ဖန်လာသည်။ သူငယ်ချင်းက ခရစ်ယာန် မိဘမဲ့ဂေဟာ သွားပြီး အလှူလုပ်မည်။ အဲ့လိုပွဲမျိုးဆို ကျနော် လုပ်အားပေးလှူရမှာ ၀ါသနာပါသည်။
ကျနော့်အဖို့သတင်းကောင်းတဲ့...
ညပိုင်းမှာအလှူရှင်သူငယ်ချင်းက ဖုန်းဆက်သတင်းပေးပို့လာပါသည်။ စင်္ကာပူဆေးရုံမှ ပူပူနွေးနွေး ဆင်းလာတဲ့ ကျနော့် ပါတနာ တယောက် အခြေအနေမကောင်း၍ ဆေးရုံပြန်တင်ရပြီတဲ့၊ သူ့အကြောင်းကို စုံစမ်းထားတဲ့ ကျနော့်ကို ဆောင်းပါးရှည် ရေးပါတဲ့၊ သူလည်း မိဘမဲ့ကလေးတဦး ဖြစ်ခဲ့တာကို မီးမောင်းထိုးပြပေးပါတဲ့၊ စစ်ရာဇ၀တ်ကောင် တစ်ဦး၏ နောက်ဆုံးဘ၀နိဂုံးကို ပြည့်စုံ သွားအောင် ဖော်ကျူးပေးပါတဲ့၊ စတဲ့- - -စတဲ့ တိုက်တွန်းချက်တွေနဲ့ သတင်းကောင်း ပေးလာပါတယ်။
ပါတနာအကြောင်းတစေ့တစောင်း
ပါတနာ့ကို ကျနော် စသိခဲ့ရသည်မှာ မဂ္ဂဇင်းများမှဖြစ်သည်။ စစ်ကိုင်းရှိ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်မှာ ရှိတဲ့ သူငယ်ချင်းက လစဉ်ထုတ်သူတို့ကျောင်းမဂ္ဂဇင်းများကို ပေးပို့သောကြောင့် စတင်မြင်ဖူးခဲ့ရသည်။ ထိုစဉ်က ပါတနာဟာ အနောက် မြောက်တိုင်း - တိုင်းမှူး အဖြစ် တာဝန်ထမ်းဆောင် နေသောကြောင့် စစ်ကိုင်းဖွံ့ဖြိုးရေး တက္ကသိုလ်ကို မကြာခဏ လာရောက် စစ်ဆေး တတ်သည်။ (၉) မမ-ပစ္စတိုကို ကျောင်းလာတိုင်း ချိတ်ဆွဲတတ်တာကြောင့် လုပ်ကြံမှာကို ကြောက်တတ်သူဟု ယူဆမိသည်။
(၂၀၀၂) ခုနှစ်၊ နှစ်ဦးပိုင်းမှာ တိုင်းမှူးတွေ ရာထူးတက်တော့ သူလည်း လေကြောင်းရန် ကာကွယ်ရေး ရာထူး ရသွားသည်။ ဗိုလ်ရွှေမန်း ကတော့ စပါး အစိုက်ကောင်းတာကြောင့် ဗိုလ်သန်းရွှေက ခြေတော်ရင်းသို့ ခေါ်ထားသည်။ (၂၀၀၂) နှစ်ဦးပိုင်းမှာ အမည်မသိ တိုက်လေယာဉ်နှစ်စီး မြန်မာ့လေပိုက်နက်ထဲ ဖြတ်သန်းသွားတာကြောင့် ဗိုလ်သန်းရွှေ၏ အဆူအဆဲကို ကောင်းကောင်း ခံလိုက်ရ သည်။ ဒါပေမယ့် စိတ်ဓါတ် မကျသွားပါ။ ထိုနှစ်မတ်လ (၂၁-၂၃) ရက်များတွင် ဧရာဝတီတိုင်း အတွင်း ခရီးလှည့်လည်ကာ အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်တော့မှ အာဏာလွှဲမှာ မဟုတ်ကြောင်း ညောင်တုန်း နှင့် ပုသိမ်မြို့များတွင် မိန့်ခွန်း ချွေခဲ့သည်။ ဆုလဒ်အဖြစ် ရန်ကုန်ပြန်ရောက်တော့ လှစ်ဟာနေတဲ့ ဗိုလ်ချုပ်တင်ဦး၏ အတွင်းရေးမှူး (၂) နေရာကို ရခဲ့သည်။ ဒီလိုနဲ့ အတွင်းရေးမှူး (၁)၊ ၀န်ကြီးချုပ် အဆင့်ဆင့် ရာထူးတိုးခဲ့သလို `ဒီပဲယင်း စစ်ရာဇ၀တ်ကောင်´ ဘွဲ့ကိုပါ ချီးမြှင့်ခံခဲ့ ရသည်။
တော်လှန်ရေးသွေး ရဲရဲတောက်သော မိဘနှစ်ပါး
ယနေ့တိုင် မိမိ၏ မိဘ ဘယ်သူဘယ်ဝါဆိုတာကို မသိရှာသေးသော တောင်တန်းသား - ပါတနာ ဘ၀ကား သနားစရာပင်။ တကယ်တော့ မိဘနှစ်ပါးစလုံးမှာ အင်းလေးဒေသ၊ နမ့်ပန် (ရေလယ်) ရွာဇာတိဖြစ်သည်။ နမ့်ပန် ဆိုသည်မှာ အင်းလေးဒေသတွင် လက်သမားအတတ် ကျွမ်းကျင်သောရွာ ဖြစ်သည်။ အဖအမည်မှာ ကိုချမ်းသာ နှင့် မိခင်အမည်မှာ မမြသီ ဖြစ်သည်။ နှစ်ဦး စလုံးအင်း တိုင်းရင်းသားများ ဖြစ်သည်။
မိခင်သည် (၁၉၄၄) ခုနှစ်၊ အာရှလူငယ်အစည်းအရုံး ကရင်နီပြည်တွင် ဖွဲ့စည်းသောအခါ ထင်ရှားတက်ကြွသော ကျောင်းသူခေါင်းဆောင် ဖြစ်သည်။ အင်းအမျိုးသမီး ဖြစ်သော်လည်း ကရင်နီပြည်နယ် လွိုင်ကော်တွင် ကြီးပြင်းခဲ့သည်။ ထိုစဉ် ကလွိုင်ကော်နှင့်အင်းလေးမှာ ဘီလူးချောင်း အတွင်း ရေကြောင်းသွားလာမှု ရှိသောကြောင့် လွိုင်ကော်မြို့၏ သုံးပုံတစ်ပုံကို အင်းသားများက လွှမ်းမိုးထားသည်။ ထို့ပြင် ကရင်နီပြည် အုပ်ချုပ်ရေးကိုလည်း ရှမ်း(တောင်) ရှိ (၀န်ရှင်တော်မင်းကြီး) က ပူးတွဲအုပ်ချုပ်ထား သောကြောင့် ရှမ်း(တောင်) နှင့် ကရင်နီပြည်မှာ ဆက်စပ်မှု ရှိသည်။
ရှမ်းပြည်နယ်၏ ပထမဆုံး နိုင်ငံရေးလုပ်ရှားမှုအစဟု ခေါ်တွင်ထိုက်သည့် ဦးတင်ဧ (တင်ဧ-ရှမ်းပြည်) ဦးဆောင်သည့် ညောင်ရွှေမြို့မှ `အလင်းရောင်´ စာကြည့်တိုက်သည် ရှမ်းပြည် နိုင်ငံရေး၏ သန္ဓေဟု ခေါ်ဆိုလောက်ပေသည်။ အင်္ဂလိပ် အစိုးရ၏ ဖိနှိပ်မှုနှင့် ဒေသခံ စော်ဘွားများ၏ အာဏာစက် ဓါးသွား အောက်တွင် မည်သူမျှ နိုင်ငံရေးဆိုတာကို လုပ်ဖို့ နေနေသာသာ ပါစပ်ပင် မဟရဲလောက်သော အခြေအနေတွင် စာကြည့်တိုက်ကလေး အကြောင်းပြကာ နိုင်ငံရေးကို ကြိတ် လုပ်ခဲ့သည်။ ကိုချမ်းသာလည်း ယင်းလုပ်ငန်းတွင် တစိတ်တဒေသ အဖြစ် ပါဝင်လာသည်။ ရန်ကုန်ရှိ တို့ဗမာ အစည်းအရုံးနှင့် နိုင်ငံရေး လုပ်ရှားမှုအဖွဲ့များမှ ပေးပို့သော စာအုပ်၊ ဂျာနယ်၊ စာစောင်များကို `အလင်းရောင်´က လူငယ်ထုအတွင်း ဖြန့်ဝေ လှုံ့ဆော်ခဲ့သည်။ တခါတရံ စော်ဘွား ပုလိပ်တပ်က လာရောက် စစ်ဆေးသည့် အခါမျိုးတွင် ကိုတင်ဧအဖွဲ့မှ ကိုထွန်းဦးသည် စက်ဘီး ကိုယ်စီဖြင့် နိုင်ငံရေးစာစောင်များကို ထုပ်ပိုးတင်ဆောင်ကာ ညောင်ရွှေမြို့ကို နှစ်ပတ်ခန့်ပတ်ရင်း ရှောင်နေခဲ့ရဖူးသည်။ ဂျပန်ခေတ် အာရှလူငယ် အစည်းအရုံး ဖွဲ့သောအခါ ကိုချမ်းသာသည် တက်ကြွစွာ ပါဝင်ခဲ့ပြီး စော်ဘွားများကို ဆန့်ကျင်သမှုပြုခဲ့သေးသည်။ ထိုအကျိုးဆက်ကြောင့်လည်း နောင်အခါ စော်ဘွားများ၏ ငြိုငြင်မှုကို ခံရကာ တောခိုခဲ့ရသည်။
ဂျပန်တော်လှန်ရေး စတင်သောအခါ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မှူးအောင်တို့ စေလွှတ်လိုက်သော ရဲဘော်-ဗိုလ်ဘရီသည် ကိုတင်ဧတို့နှင့် အတူလက်တွဲကာ အင်းလေးတခွင်လှုပ်ရှားခဲ့သည်။ မဟာမိတ်များ ပေးပို့လိုက်သော လက်နက်ခဲယမ်းများကို ဂျပန်ခေတ်အတွင်း ဖောက်လုပ်ခဲ့သော တောင်လေးလုံး-ခေါင်တိုင် (ရေပူစမ်း) လမ်းအတိုင်းပေးပို့လိုက်သည့် သတင်းရ သောအခါ ကိုချမ်းသာတစ်ယောက်တည်း လှေဖြင့် သွားရောက် သယ်ဆောင်ပေးခဲ့သည်။ ကိုယ်တိုင်ကလည်း လက်သမားအတတ် ပညာကို ကောင်းမွန်စွာ တတ်မြောက် သောကြောင့် သေနတ်လက်ကိုင်ရိုးများကို တပ်ဆင်ပြုလုပ် ပေးခဲ့သည်။ နမ့်ပန်ရွာမှ တဆင့် လွိုင်ကော်ဒေသရှိ ပြောက်ကျားရဲဘော်များထံ လက်နက်များကို ပေးပို့ရာတွင်လည်း အဓိက ပါဝင်ကူညီ ခဲ့သည်။ ဖက်ဆစ် တော်လှန်ရေး အပြီး လွိုင်ကော်တွင် ကရင်နီ လူငယ်ခေါင်းဆောင် ကိုထွန်းနွယ် နှင့် လက်တွဲခဲ့ပြီး လွတ်လပ်ရေး ခရီးအတွက် ဆက်လက် တိုက်ပွဲဝင် ခဲ့သည်။ (၁၉၄၆) ခုနှစ်၊ မတ်လ (၂၃ မှ ၂၈) ထိကျင်းပသော ပထမပင်လုံညီလာခံတွင် ကရင်နီပြည်လူငယ်အဖွဲ့များ အဖြစ် ကိုကျီးညို၊ မအေးနွံ၊ မမြသီတို့နှင့်အတူ တက်ရောက်ခဲ့သည်။ ပင်လုံညီလာခံမှအပြန် မိမိဘ၀ကို တိုင်းပြည်အတွက်ပေးလှူမည်ဟု စိတ်ဆုံးဖြတ် ခဲ့သည်။ မိမိနှင့် လူမျိုးချင်းလည်းတူ၊ လက်တွဲဖော် ရဲဘော်ရဲဘက်လည်း ဖြစ်သော မမြသီနှင့် လွတ်လပ်ရေး ရပြီးစတွင် လက်ထပ်လိုက်သည်။
လွတ်လပ်ရေး ရရှိခဲ့သော်လည်း ရှမ်းပြည်နှင့်ကရင်နီပြည်တို့တွင် ပဒေသရာဇ်စနစ်သည် ဆက်လက် ကျန်ရှိနေသေးသောကြောင့် စောဖျာများနှင့်တိုက်ပွဲဆင်နေရသေးသည်။ မိမိ၏ လက်တွဲဖော် လက်တွဲဖက် ရှမ်းပြည်မှ ရပလရဲဘော်များစော်ဘွားပုလိပ် တပ်နှင့် အစိုးရတပ်များ၏ ညှပ်ပိတ် ချေမှုန်းခံရသောအချိန် (၁၉၄၉) တွင် ရှမ်းပြည်မှပြည်သူ့ရဲဘော်များ တောခိုသောအခါ လွိုင်ကော်ရှိ ကိုချမ်းသာတို့လင်မယား နှစ်ဦးလည်း မရှေးမနှောင်းမှာပင် တောခိုကုန်ကြသည်။ တောတွင်း၌ ဆင်းရဲသည့်ဒဏ်ကို ခံနေရသော အချိန်မှာပင် သားဦးဖြစ်သူ မောင်စိုးဝင်း ( ဒီဇင်ဘာလဖွား၊ အင်္ဂါသား) ကို ခင်မင်သော သူလက်ထဲသို့ ပေးလိုက်ရသည်။ ဒုတိယသားငယ်ကိုလည်း (၁၉၅၁) တွင်မွေးဖွားခဲ့ပြီး အခြား သူထံပေး လိုက်ရပြန်သည်။ ဖခင်ဖြစ်သူကိုချမ်းသာသည် (၁၉၅၂) တွင် အစိုးရတပ်များနှင့် ဖြစ်ပွားသော တိုက်ပွဲတွင် ကျဆုံးခဲ့လေသည်။
မမြသီသည်ကိုချမ်းသာမရှိသည့်နောက်ပိုင်း တော်လှန်ရေးတွင်ဆက်လက်တိုက်ပွဲဝင်ခဲ့ပြီး ပဒေသရာဇ် စော်ဘွားများ အာဏာစွန့်သော (၁၉၅၉) ခုနှစ်ကုန်တွင် မြေပေါ် ပြန်ရောက်လာသည်။ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်၊ မြို့ပတ်လမ်း အရှေ့၊ အစိုးရဆန်ဂိုဒေါင် အနီးရှိ နေအိမ်တွင် ဆွေမျိုးများ နှင့်အတူ နေထိုင်သွား ခဲ့သည်။ မကွယ်လွန်မှီ အချိန်ထိ လုပ်ဖော်ကိုင်ဖက် ရပလ ရဲဘော်ဟောင်းများ ဖြစ်ကြ သော ဦးထွန်းမြင့် - တောင်ကြီး၊ ဦးခွန်ထီး - ပင်လုံ (သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၏ အဖိုး)၊ ဦးရွှေအုံးတို့ (၁၉၈၉) တွင် ဖွဲ့စည်း တည် ထောင်သော ရှမ်းပြည် တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (ရ-တ-ဒ-ဖ) ဌာနချုပ်တည်ရှိရာ (ရေထွက်ဦးလမ်း၊ ကန်ရှေ့ရပ်ရှိ ဆီဆိုင် စော်ဘွားစ၀်ခွန်ကြည် သမီး၊ စ၀်မြ၀င်းပိုင်အိမ်) သို့ မကြာခဏ သွားရောက်ကာ အားပေး ကူညီခဲ့သည်။ လွန်ခဲ့သော နှစ် (၄၀) ကျော်အချိန်က ပထမ ပင်လုံညီလာခံတွင် ဟောပြောခဲ့သော ဦးထွန်းမြင့် တောင်ကြီး နှင့် ဦးခွန်ထီး-ပင်လုံတို့၏ ပြောကြားချက်များ ကို မမေ့နိုင်ဘဲ ပြန်ပြောင်းပြောပြ နေတတ်သည်။ ကွယ်လွန်ခါနီး အချိန်အထိ စစ်ဘက်တွင် ရာထူးကြီးကြီး ရနေသော သားကြီးနှင့် သားငယ်ကို ဆက်သွယ် အကြောင်းကြားခြင်း မရှိခဲ့ပေ။ (၁၉၉၀) နောက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။
(ရပလ-ရှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ၁၉၄၆ - ပထမ ပင်လုံညီလာခံ အပြီး ဖွဲ့စည်းခဲ့သော ရှမ်းပြည်၏ ပထမဆုံး နိုင်ငံရေးအဖွဲ့၊ ဒုတိယ ပင်လုံညီလာခံတွင် ပင်လုံစာချုပ် ဖြစ်ပေါ်လာရေး အတွက် တောင်တန်း-ပြည်မ ပူးပေါင်းရေးကို အဓိကအခန်းမှ ပါဝင်ကူညီခဲ့ သည်။ စာရေးသူ)
အလာကောင်းသော်လည်းအခါနှောင်းပြီ
ဝန်ကြီးချုပ်ဘ၀ရောက်မှ မိမိဘ၀အမှန်ကို တစွန်းတစ သိရှိနေပြီဖြစ်သော ပါတနာတစ်ယောက် လွမ်းဆွတ် သတိရမှုတို့ ဖြင့် ဇာတိမြေ ကရင်နီဒေသ (ယခုအခေါ်ကယားပြည်နယ်) သို့ (၂၀၀၄) ခုနှစ်တွင် ရောက်ရှိ လာခဲ့သည်။ လွိုင်ကော်မြို့တိုး တက်ဖွံ့ဖြိုးရေးကို အနည်းငယ် လုပ်ပြသွားသည်။ လွိုင်ကော်တောင်ဘက် (၁-မိုင်ခွဲ) အကွာတွင်ရှိသော မြကလပ်တောင်ပေါ်တွင် ဘုရားထီးတော် တင်လှူသွားပြီး ဘုရားကို (၂၄) နာရီ အချိန်ပြည့် မီးထွန်းညှိပူဇော်ရန် အမိန့်ပေးခဲ့သည်။ (မြကလပ်တောင်သည် စစ်ရေး အမြင်အရ ကရင်နီ လက်နက်ကိုင်အဖွဲ့ (ကေအန်ပီပီ) အတွက် လွန်စွာ အရေးပါသည်။ မကြာခဏ ဆိုသလို မြကလပ်မှနေ၍ လက်နက်ကြီးဖြင့် လွိုင်ကော် (ဒကစ) ဌာနချုပ်၊ ထောက်လှမ်းရေးရုံးနှင့် ခလရ (၅၄) များကိုပစ်ခတ်လေ့ရှိသည်။ ထို့ကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို ဘုရားပြုပြင်တာကို အကြောင်းပြရင်း လျှပ်စစ်မီး ထိန်ထိန် ထွန်းညှိကာ ကေအန်ပီပီ၏ စစ်ရေးကို ဟန့်တားခဲ့သည်-စာရေးသူ)
မိဘ၏ လုပ်ဖော်ကိုင်ဖက် ရဲဘော်ဟောင်းများ သက်ရှိထင်ရှား ကျန်ရှိနေသေးကြောင်း သိရှိသောအခါ ရဲဘော်ဟောင်းများထံ ချဉ်းကပ်၍ လိုက်လံ ကန်တော့သည်။ ရန်ကုန်တွင် အေးအေးချမ်းချမ်း နေထိုင်နိုင်ရန် တိုက်ခန်းများဖြင့် ကန်တော့သော်လည်း တော်လှန်ရေး ရဲဘော်ဟောင်းများက လုံးဝလက်မခံချေ။ မိမိ၏ သွေးသောက်ရဲဘော်၏ ရင်သွေးကိုမြင်ရ၍ ၀မ်းသာ ကြသော်လည်း ပကတိ ဖြစ်ပျက် နေသော အခြေအနေ တို့ကြောင့် အော့နှလုံးနာမိ ကြသည်။ ထိုရဲဘော်ဟောင်းများထံ ကျနော်သည် ချဉ်းကပ်သောအခါ တော်လှန်ရေး ရဲဘော်ဟောင်းများက- -´ဒီလူရဲ့ ကလေးဘ၀ကို တွေးကြည့်ရင် အင်မတန် သနားစရာ ကောင်းပါတယ်၊ ဘဘတို့ကို ထိုင်ကန်တော့ တုန်းကဆိုရင် သူ့မျက်နှာမှာ မျက်ရည်ကျနေသလို ဘဘတို့လဲ ရင်ထဲကို ဆို့တက်လာတယ်၊ ဒါပေမဲ့သူ့လက်ရှိ စရိုက်က မိဘအရင်း စရိုက်နဲ့ လုံးဝခြားနားသွားပြီမို့ ဘဘရဲ့ ၀မ်းနည်းစိတ်ဟာ လွင့်ပြယ်သွားပါတယ်- - ´ ဟုကျနော့်ကို ပြောပြဖူးသည်။
အပယ်ခံဆိုသည်မှာ- - -
(၂၀၀၃) ခုနှစ်၊ မေ (၃၀) ဒီပဲယင်းလုပ်ကြံမှုအပြီးတွင် ပါတနာသည် အဓိကအမိန့်ပေးကြိုးကိုင်သူဟု သတင်းများ ထွက်ပေါ်လာသော အခါ ကျနော်တို့တောင်တန်းသားများ အားလုံး ဒေါသထွက်ကုန်ကြသည်။ `တို့ တိုင်းရင်းသားဖြစ်လို့ ကတော့ ဒီကောင့်ကို အမှုန့်ချေ ပြီး စာရင်းကနေ ပယ်ပစ်မယ်´ဟု ကျုံးဝါးကြ သူများလည်းရှိသည်။ တကယ်တော့ ပါတနာဟာ ဗမာမဟုတ်ပါ၊ တောင်တန်းသား၊ အင်းသားလူမျိုး စစ်စစ် ဖြစ်ပါသည်။ အင်းတိုင်းရင်းသား သာမက တောင်တန်းသား အဖြစ် ကပါ ပစ်ပယ်ဖို့ရန် ပါတနာ့ကို သူ့ အကုသိုလ်၊ ဒုစရိုက်က ဖန်တီးခဲ့လေပြီ။
ကျနော်တို့ တောင်တန်းဒေသတွင် ဓလေ့ထုံးစံတစ်ခု ရှိသည်။ ရွာတစ်ရွာတွင် ဆိုးသွမ်း၊ မိုက်မဲ၊ မူးယစ်ရမ်းကားသူကို ဆုံးမ၍ မရသည့်အခါ `ရွာမှပယ်မည်´ ဟုသတိပေး တားမြစ်လျှင် ထိုသူသည် လူကောင်းဖြစ်ရန် ကြိုးစားလာပါသည်။ ရွာမှပယ်သည် ဆိုသည် မှာ ပြောဆိုဆုံးမ၍မရသည့် လူမိုက်သည် သေဆုံးခဲ့သော် သံဃာတော်များမှ တရားမနာခြင်း၊ လူထုက လိုက်လံ ပို့ဆောင်ခြင်း မပြုခြင်း ဖြစ်သည်။ လူ့ အသိုင်းအ၀ိုင်းမှ ဖယ်ရှားလိုက်ခြင်းမျိုး ဖြစ်သည်။
မြန်မာ့သမိုင်းတွင် ရာဇ၀င်တွင်သည့် လုပ်ကြံမှုမျိုးနှစ်ကြိမ်ရှိသွားလေပြီ။ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံမှုသည် ပထမ ဖြစ်ပြီး၊ ဒီပဲယင်း လုပ်ကြံခံရမှုသည် ဒုတိယ ဖြစ်သည်။ ကျနော်သည် (၂၀၀၆) ခုနှစ်၊ ဇွန်လဆန်းပိုင်းက မုံရွာတက္ကသိုလ်ရှိ သူငယ်ချင်းဖြစ်သူ(ဆရာမ)ထံ အလည်ရောက်ရှိသောအခါ ငါးရက် နေခဲ့ပါသည်။ ယနေ့တိုင်မုံရွာရှိ မိဘအချို့သည် မိမိတို့၏ သားများသည် ဆိုင်ကယ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဒီပဲယင်းခရီးစဉ်သို့ အတူ လိုက်ပါသွားခဲ့ရာ ယနေ့ချိန်ထိ အိမ်ပြန် မရောက်လာသေးတာကို ပြန်လာနိုးနိုးဖြင့် လည်တဆန့်ဆန့်မျှော်နေကြသည်။ အချို့မှာ သားစိတ်ဖြင့် စိတ်ဝေဒနာသည် ဖြစ်ကုန်ကြသည်။ ဒီမြင်ကွင်းတွေကို သူငယ်ချင်းက လိုက်လံမိတ်ဆက်ပေးလို့ အတွင်းကျကျသိခွင့် ရခဲ့သည်။ တောင်တန်းဒေသလိုမျိုးကို မဆိုထားဘိ ဥပေဒ စိုးမိုးပါတယ် ဆိုတဲ့ အဖြူရောင် နယ်မြေမှာပင် အာဏာပိုင် ဂိုဏ်းချုပ် အလိုအကျ ပါတနာ လက်လွန်ခဲ့လေပြီ။ ဒီလုပ်ကြံပွဲ၏ အဓိက တရားခံမှာ မိမိတို့တောင်တန်းသား စစ်စစ် ဖြစ်နေသည်ကို ကျနော်မီးမောင်းထိုးပြလိုက်ပါက ကရင်နီ ပြည်နယ်သား အဖြစ်က သာကမ တောင်တန်းသားအဖြစ်ကပါ စွန့်ပယ်ကြပေလိမ့်မည်မှာ မလွှဲဧကန်ပင်တည်း။
ဝဋ်ကြွေးရှိသမျှကျေပါစေတော့
ကျနော် မေးမြန်းဖူးသည့် ဦးချမ်းသာ၏ အချစ်ဆုံးသူငယ်ချင်း ပြည်သူ့ရဲဘော်ဟောင်းတစ်ဦးက `သားတို့က ပြိုကွဲနေတဲ့ ပြည်ထောင်စု ကို တည်ဆောက်ဖို့ကြိုးစားနေပေမယ့် ဒီကောင်တွေ အဖွဲ့ကတော့ ပြည်ထောင်စုကို ပျက်အောင် လုပ်နေတယ်ကွ´ ဟု ပြောခဲ့ပါသည်။
မရှိတော့တဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ ကြိုးစားကြသော `ရှမ်းပြည်အတိုင်ပင်ခံ ကောင်စီ´သည် ၂၀၀၅-ဖေဖော်ဝါရီ (၇) တွင် ဖျက်ဆီး ခံလိုက်ရပြီး ကျနော့်ရဲဘော်ရဲဘက်များ ဖြစ်သော ခေါင်းဆောင်များ အားလုံးကို ထိုနှစ်နိုဝင်ဘာ (၅) ရက်တွင် အင်းစိန်ထောင် အထူးတရားရုံးမှ ထောင်ဒဏ်ချမှတ် စီရင်ခဲ့သည်။ ရှမ်းမျိုးဆက်သစ်အဖွဲ့ခေါင်းဆောင် ရဲဘော်မြင့်သန်းဆိုလျှင် သံတွဲထောင်တွင် ကျဆုံးခဲ့လေပြီ။ ရဲဘော်ထွန်းညို (ဘူးသီးတောင်ထောင်) ဆိုလျှင် သွားများမရှိတော့ပါ။ ဆန်ပြုတ်ကိုသာ မျိုချ နေရပါသည်။ မြင်းခြံထောင်မှ ရဲဘော်စိုင်းမျိုးဝင်းထွန်းကတော့ ချောင်းဆိုးတိုင်း သွေးပါရာမှ ယခုနောက်ဆုံး စိတ်ဖောက်ပြန်စ ပြုနေ ပါပြီ။ ပူတာအိုထောင်မှ ခွန်ထွန်းဦးသည် အင်မတန် ပိန်ချုံးသွားပါသည်။ လက်ရှိ ရုပ်ပုံကိုသာ မြင်ရသူတိုင်း မှတ်မိမည် မထင်ပါ။ ခန္တီးထောင်မှ ရဲဘော်ဆေထင်သည် မျက်စိရောဂါရနေပြီး ကြာလျှင်မျက်စိကွယ်သွားနိုင် (သို့) မှုန်သွားနိုင်ပါသည်။ ယခုလည်း ကျနော်တို့နှင့် မဆုံဆည်းခဲ့ရသော ပါတနာသည်လည်း စင်္ကာပူဆေးရုံတွင် နောက်ဆုံး ထွက်သက်ကို စောင့်နေရရှာသည်။ ရှမ်းပြည် မျိုးဆက်သစ်ဆိုသည်မှာ (ရပလ) ၏ မျိုးဆက်ဟု ပြောလျှင် ပြောလို့ ရပါသည်။ ထို့ကြောင့်လည်း ဒေါ်မြသီ၏ ဆွေမျိုးများသည် အကျဉ်းကျခံ ရှမ်းခေါင်းဆောင်များ အတွက် အသနားခံစာ တင်သွင်းရေးကို ကူညီပေးကြပါသည်။ နေပြည်တော်ရှိ အစ်ကိုကြီးဖြစ်သူ ၀န်ကြီးချုပ် ပါတနာထံ အကြောင်းကြားခဲ့ပါသည်။ ဒီကိစ္စကို ဗိုလ်သန်းရွှေ နှင့် ဗိုလ်ရွှေမန်းတို့ လက်ထဲမှာရှိတာကြောင့် မိမိအနေဖြင့်ဘယ်လိုမှ မတတ်နိုင်ကြောင်း ငွေကြေးလိုအပ်ပါက တိတ်တဆိတ် ကူညီမည်ဟု ဆွေမျိုးများကို ပြန်ကြားခဲ့သည်။ ရဲဘော်မြင့်သန်းကွယ်လွန်သည့် သတင်းကို သိသော အခါတွင်လည်း `သူ့မိသားစုဘယ်လိုရပ်တည်သလဲ၊ ဘာ လုပ်ကိုင် စားသောက်ကြသလဲ´ ဟု ဂရုဏာသံဖြင့် မေးမြန်းသမှု ပြုခဲ့ပါသည်။ တကယ်တော့သူလည်း ခံစားတတ်သွားလေပြီ။ ယခုတော့ သူ့ ဘ၀အတွက် နောက်ဆုံးအချိန် ရောက်နေပြီ ဆိုတာကို ကျနော် သိလိုက်ရတဲ့ အချိန် သူနဲ့ကျနော်တို့ရဲ့ ရာထူး၊ ဂုဏ်ပကာသနများကို ဘေးဖယ်ပြီး တောင်တန်းသား အနေဖြင့် တွေ့ဆုံပြီး အားပေးစကား ပြောချင်ပါသည်။ ဒီအတွေးက စိတ်ကူး ယဉ်ဆန်တယ်လို့ ဘဲပြောပြော တကယ့်လက်တွေ့မှာ လုံးဝမဖြစ်နိုင်တာမို့ စိတ်မကောင်း ဖြစ်မိသည်။ အချုပ်အားဖြင့်ဆိုရသော် မြန်မာ့မြေပေါ်တွင် မွေးဖွားပေးလိုက်သော ဦးနေ၀င်း၏ ဖက်ဆစ်စနစ်သားကောင် အဖြစ် ကျနော်တို့ဘ၀တွေ ကွာခြား ကုန်တော့သည်။ စစ်ကြောင့် ကျနော်တို့ပြည်သူပြည်သားတွေ အသက်စတေးခံရသည်။ မိဘမဲ့ကလေးတပ်များ ပေါ်ထွက်လာသည်။ ဒဏ်ရာရ ကျိုး၊ ကန်းကြသော ဒုက္ခိတတပ်ကြီး မွေးဖွားလာသည်။ တိုက်ခိုက်နေကြသော နှစ်ဘက်စလုံးမှ မုဆိုးမတပ်က အဆင်သင့်စောင့်ကြိုနေသည်။ ပြဿနာ၏ အဖြေကိုကား ရေရှည် မဖြေရှင်းနိုင်ပါ။ ပြာပုံဘ၀အောက်မှ လွတ်လပ်ရေးရခဲ့သော ကျနော်တို့နိုင်ငံ စစ်ဖိနပ်အောက်မှ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ၊ စနစ်တွေ ကြောင့် မဆုံဆည်းခဲ့ရသော ကျနော် နဲ့ ပါတနာတို့ အဖြစ်မျိုး လူတိုင်း ကင်းဝေးနိုင်ပါစေ၊ ဒီပဲယင်း စစ်ရာဇ၀တ်ကောင်ဘွဲ့ ရခဲ့သော စင်္ကာပူဆေးရုံမှ ပါတနာတစ်ယောက် ဒီပဲယင်း အာဇာနည်များ၏ ပုံရိပ်များ ခြောက်လန့်မှုမှ လွတ်မြောက်ကာ နောင်သံသရာထိ မခံစားရဘဲ ဒီဘ၀ ဒီမျှဖြင့် ဘ၀နိဂုံး ချုပ်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ကျေးဇူးတင်လွှာ
ဤစာတမ်းဖြစ်မြောက်ရေးအတွက် တိုက်တွန်းအားပေးသောသူငယ်ချင်းအားလည်းကောင်း၊ လွတ်လပ်ရေး မော်ကွန်းဝင် တော်လှန် ရေးရဲဘော်ဟောင်းနှင့် ဦးချမ်းသာ၏သူငယ်ချင်းအရင်းများဖြစ်ကြသော ဖိုးဖိုး (ဦးအုံးဖေ-ပင်လုံစစ်တမ်း)၊ (ဦးအေးမောင်-သံဖြူ)၊ (ဦးညွှန့်မောင်- ပင်းတယပါလီမန်အမတ်- ရှမ်းပြည် အတိုင်ပင်ခံကောင်စီ အကြံပေး) တို့ကိုကျေးဇူးတင်ရှိပါသည်။
(စာတမ်းပါဝန်ကြီးချုပ်၏ အထ္တုပတ္တိအချို့ကို တပ်မတော်မော်ကွန်းတိုက်မှ ကူးယူလိုပါက ခွင့်ပြုကြောင်းနှင့် စင်ကာပူ ဆေးရုံရောက် လူနာအားအမြန်ပေးပို့နိုင်ပါသည်)
Source : HitTaing.org
2 comments:
ဒီအကြောင်းလေးကိုတခါဒီမှာဖတ်ဘူးပီး..မဇ္ဖိမမှာလည်းရှာလို့မတွေ့ဖြစ်နေတာ..
အခု..ထပ်ရောက်လာတော့မှ ပြန်တွေ့တယ်..သိရတာဝမ်းသာပါတယ်..အခုဇော်ဝင်းထွတ်သီချင်းကိုနားထောင်ရင်း..ရေးလိုက်ပါတယ်..အသစ်တင်တိုင်းလာခဲ့ပါ့မယ်
ကျွန်တော့် blog အခုလိုအားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အသစ်တွေတင်နိုင်အောင်လည်း ကြိုးစားပါ့မယ်။ ကျွန်တော့် Blog က အမြဲ Update မလုပ်ဖြစ်တော့၊ လာဖတ်တဲ့ သူတွေကို အရမ်း အားနာမိတယ်။ အစ်မ Blog ကိုလည်း ကျွန်တော် အမြဲဖတ်လေ့ရှိပါတယ် ခင်ဗျာ။
Post a Comment